ထိပ်တန်း Website ၁၀သန်းတွင် ၆၀ ရာခိုင်နှုန်းကျော် နေရာယူထားသော CMS Website များအကြောင်း

ထိပ်တန်း Website ၁၀သန်းတွင် ၆၀ ရာခိုင်နှုန်းကျော် နေရာယူထားသော CMS Website များအကြောင်း CMS (သို့) WCMS (သို့) WCM ဆိုတာ Web Content Management System ရဲ့အတိုကောက်ပါ။Content ဆိုတာက Website ပေါ်မှာ တင်ထားသမျှ အရုပ်၊အသံ Media ဖိုင်တွေ၊ ဝတ္ထုဆောင်းပါး၊ရှင်းလင်းချက်၊ ကိုးကားချက်၊ ထောက်ခံချက် စတဲ့ စာပိုဒ်စာကြောင်းတွေ၊ လိပ်စာ၊ ကြော်ငြာ၊ Form ပုံစံ၊ဇယား၊ မီနူး စတဲ့ တွဲဖက်ပါဝင် အရာအားလုံးကို ပြောတာပါ။ Website ဆိုတာကတော့အားလုံးသိကြတဲ့ အတိုင်း Browser များကတဆင့် ဝင်ရောက်နိုင်တဲ့ စာမျက်နှာများ ဖြစ်ပါတယ်။ ၁၉၉၀ကျော် Browser War ကာလက စတင်လို့ Browserများ တရိပ်ရိပ် အဆင့်မြင့်တိုးတက်လာတဲ့နည်းတူ Website များကို ဖန်တီးတည်ဆောက်တဲ့ နည်းပညာဟာလည်း နှစ်စဥ်နှင့်အမျှတိုးတက်မြင့်မားလာပါတယ်။ လှပသေသပ်တဲ့ Website များကိုတည်ဆောက်နိုင်ဖို့ အနည်းဆုံး HTML, CSS နှင့် JavaScript တို့ကိုတတ်ကျွမ်းနားလည်ဖို့လိုအပ်ပါတယ်။ ဒါတွေကို အခြေခံလေး သင်ယူတတ်မြောက်ဖို့ကိုပဲ အချိန်နဲ့အတွေ့အကြုံကို အတိုင်းအတာတစ်ခုထိ ပေးရပါမယ်။ တတ်မြောက်သိရှိပြီးရင်တောင်မှ နေ့စဥ်တိုးတက်နေတဲ့ နည်းပညာအသစ်အသစ်တွေအတွက် ဆက်လက်ပြီး ပိုမိုချဲ့ထွင်ဖို့ စဥ်ဆက်မပြတ်သင်ယူနေရ လေ့လာနေရဦးမှာပါ။ ဒါတောင်မှ Web Development ရဲ့ Front-end (Client-Side)အပိုင်းအတွက် သာမာန် ရိုးရှင်းတဲ့ Website တွေရေးနိုင်ဖို့ မသိမဖြစ် တွေပဲရှိပါသေးတယ်။ နောက်ထပ်Jquery, AJAX, React, Angular, ASP.NET, VBScript စတာတွေအပြင် Server-side အတွက် PHP,Python, NodeJS, Ruby, C# စတာတွေကိုပါ တိုးချဲ့ဖို့ဆန္ဒရှိရင် ရှိသလို သင်ယူရပါမယ်။ Frameworkတွေ Library တွေ အမျိုးစုံကိုလည်း ကျွမ်းကျင်အောင် သင်ယူလေ့ကျင့်ရပါမယ်။ ဆိုတော့ Websiteတစ်ခုကို လှလှပပ သပ်သပ်ရပ်ရပ် ဖန်တီးဖို့ရာ Prefessional မဟုတ်တဲ့ သာမာန်လူအဖို့တော့အတော်မလွယ်ကူတဲ့ ကိစ္စပါ။ ပြဿနာက လူတိုင်းသာ website ကို မဖန်တီးတတ်တာ သုံးမှာကတော့ နယ်ပယ်အမျိုးစုံကလူအမျိုးစုံဖြစ်နေတယ်။ Website ဆိုတာကလဲ စားပွဲတစ်လုံးဝယ်သုံးသလို တစ်ခါဝယ်ထားပြီးဘာမှထပ်ပြင်စရာမလို၊ တော်တော်နဲ့လဲ မပျက်တဲ့အရာ မဟုတ်တော့ ကိုယ့်လက်ထဲရောက်တဲ့အခါ ဆက်လက်ထိန်းသိမ်းဖို့ရာမှာ အတိုင်းအတာတစ်ခုထိတော့ အဆင်ပြေဖို့လိုပါတယ်။ Siteပေါ်မှာတင်ထားသမျှ Contents တွေကို လိုရင်လိုသလို ပြုပြင်ပြောင်းလဲဖို့လိုမယ်၊ site ရဲ့ features (အင်္ဂါရပ်)တွေကို လိုတိုး ပိုလျှော့ လုပ်ဖို့လိုရင်လိုမယ်၊ နေ့စဥ်နဲ့အမျှ အသစ်အဆန်းပေါ်ပေါက်နေတဲ့လုံခြုံရေးကျိုးပေါက်မှု ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ လိုမယ်၊ ကိုယ့် Website ရဲ့ အလုပ်လုပ်မှု၊အင်တာနက်ပေါ်မှာ ထိရောက်အောင်မြင်မှု စတာတွေကို စဥ်ဆက်မပြတ် စောင့်ကြည့်နေဖို့ လိုမယ်၊ စသဖြင့်သော လုပ်ငန်းစဥ်တို့အတွက် မကျွမ်းကျင်တဲ့ လူတစ်ယောက်အနေနဲ့ ပညာရှင်ကို တစ်ချိန်လုံးအားကိုးနေ၊ အခပေးနေရတယ်ဆိုတာ အဆင်မပြေတဲ့ ကိစ္စပါ။ ကိုယ်က တစ်နိုင်တစ်ပိုင်လေးလုပ်ချင်ပါတယ်ဆိုမှ ပညာရှင်ကို ငွေအများကြီးပေးလိုက်ရရင် ကိုယ့်အတွက် တခြားထပ်တိုးချဲ့ဖို့ရာ အဆင်မပြေစရာလေးတွေပဲ ဖြစ်လာမှာပါ။ ပညာရှင်ဘက်ကကြည့်ပြန်တော့လဲ သူတို့မှာ ရင်းနှီးခဲ့ရ၊ရင်းနှီးနေရတဲ့ ပညာတွေ၊ ဦးနှောက်တွေ၊ အချိန်တွေအတွက် ထိုက်သင့်တဲ့ အခကြေးငွေ ရသင့်ပါတယ်။အဲ့လိုပြဿနာမျိုးတွေကို ဖြေရှင်းနိုင်ဖို့ တီထွင်ကြံဆလာကြတာမှာ အခုအချိန်မှာ အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ CMS Platform တွေ ပေါ်ထွန်းလာပါတော့တယ်။ CMS နဲ့ဆို အရင်လိုမျိုး ရှိသမျှ၊ လုပ်ချင်သမျှတွေအတွက် ထောင့်စုံမှာ Programming Code တွေလိုက်ရေးပေးနေဖို့ မလိုတော့ပါဘူး။ Drug and Drop ဆိုတဲ့ လိုတာဆွဲယူ လိုတဲ့နေရာမှာချ ပြုလုပ်ချက်တွေကို အလွယ်တကူ ပြုလုပ်လာနိုင်ပြီး အလွယ်တကူလည်း ထိန်းသိမ်းပြုပြင်လို့ရပါတယ်။Website ကိုလည်း တစ်ဦးတည်းဖြစ်စေ၊ အများစုပေါင်းပြီးဖြစ်စေ အလွယ်တကူ ကွပ်ကဲထိန်းချုပ်လို့ရပါတယ်။ ချဲ့ထွင်ဖို့ရည်ရွယ်တယ်၊ လိုအပ်တယ်ဆိုရင်လဲ သက်ဆိုင်ရာ အခမဲ့၊အခပေး Plug-in (တွဲဖက်ဆော့ဝဲလ်) များထည့်သွင်းပေးရုံနဲ့ လိုချင်သလို မြှင့်တင်လို့ တိုးချဲ့လို့ ရပါတယ်။ လူကလိုက်လုပ်ပေးရမယ့် ခက်ခဲရှုပ်ထွေးတဲ့အလုပ်တွေကို ပရိုဂရမ်တွေ၊ ဆော့ဝဲလ်တွေကလုပ်ပေးလိုက်တဲ့အတွက် အချိန်တင်မက ငွေကုန်လဲ အလွန်သက်သာသွားပါတယ်။ သုံးစွဲသူဘက်ကUpdate တွေကို အလိုအလျောက် ပုံမှန်ပြုပေးသွားရုံနဲ့ SEO လို မရှိမဖြစ်နည်းပညာတွေ၊ Website ရဲ့လုံခြုံမှုတွေကို အမြဲသစ်လွင်အောင် ထိန်းသိမ်းပေးနိုင်တဲ့ အကျိုးကျေးဇူးတွေလဲ ရလာပါမယ်။ အဲ့လောက်လွယ်ကူ အဆင်ပြေအောင် လုပ်ပေးထားသော်ငြားလည်း ပရိုဂရမ်တွေ၊ ဆော့ဝဲလ်တွေကိုသုံးရတာဆိုတော့ CMS သည်လည်းပဲ ကျင်လည်စွာ သုံးနိုင်ဖို့ရာမှာ Programming Language လောက်မဟုတ်တောင် အတိုင်းအတာတစ်ခုထိတော့ လေ့လာသင်ယူရပါတယ်။ အဲ့လိုသင်ယူလေ့လာဖို့လိုအပ်တဲ့အတွက်ကြောင့်လည်း Web Development မှာ CMS Developer ဆိုတဲ့ အလုပ်အမျိုးအစားတစ်ရပ်လည်း ပေါ်ပေါက်လာပါတယ်။ နည်းပညာအဆင့်မြင့်မားလာမှုနဲ့ အတူ CMS များဟာလည်းပဲ ပိုမိုမြင့်မား၊ ပိုမိုကောင်းမွန်၊ပိုမိုအသုံးဝင်လာတာမှာ ၂၀၂၁ စစ်တမ်းအရ အခုဆို ကမ္ဘာပေါ်ရှိ ထိပ်တန်း Website ဆယ်သန်းမှာ CMS နဲ့တည်ဆောက်ထားတဲ့ Website ပေါင်းက ခြောက်ဆယ်ရာခိုင်နှုန်းကျော်အထိ ရှိလာပါပြီ။လူကြိုက်များလာမှု၊ လွယ်လင့်တကူ စီမံနိုင်မှု၊ Code ရေးရ၊ Bug Fix (error များရှာဖွေရှင်းလင်းခြင်း) ပြုလုပ်ရ လွယ်ကူမှု၊ စတာတွေကြောင့် နဂို Web Developer တော်တော်များများလည်း သန်ရာသန်ရာProgramming Language နှစ်ခုသုံးခုလောက်ကို အခိုင်အမာထားပြီး CMS developer များအဖြစ်ကူးပြောင်းလာကြတာ ဒုနဲ့ဒေးပါပဲ။ Web Development ကို ခုမှစမယ့် တက်သစ်စတွေအတွက်လည်း CMS development ဟာအချိန်တိုအတွင်းတတ်ကျွမ်းနိုင်၊ Freelancer အဖြစ်လုပ်မယ်ဆိုရင်လည်း အလုပ်ဖြစ်နိုင်တဲ့အတွက်ကြောင့် အတော်များများက ရွေးချယ်လာကြတာ တွေ့ရပါတယ်။ အဲ့လိုမျိုးကူးပြောင်းလာကြ၊ ခြေစုံပစ်ဝင်လာကြပြီးတဲ့နောက် အောင်မြင်မှုတွေ မြင့်မြင့်မားမား ရနေကြတဲ့သူတွေလည်း မနည်းမနောပါပဲ။ တစ်ချို့ဆိုရင် CMS အများအပြားထဲကမှ နှစ်သက်ရာPlatform တစ်ခုထဲကိုပဲ စွဲစွဲမြဲမြဲလုပ်ပြီး အဲ့ဒိီတစ်ခုထဲမှာကို အတော်အလုပ်ဖြစ်နေကြပါတယ်။ တစ်ချို့ကလဲ နှစ်သက်ရာ ဆင်တူ Platform နှစ်ခု သုံးခုလောက်ကိုသုံးပြီး အဆင်ပြေပြေဝန်ဆောင်မှုပေးနေတာလည်း တွေ့ရပါတယ်။ ဒီနေ့ ကမ္ဘာမှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ CMS တွေကတော့ WordPress, Shopify, Wix, Squarespace, Joomla, Weebly, Webflow, Drupal စတာတွေဖြစ်ပါတယ်။ WordPress, Joomla, Drupal တို့က သက်တမ်းရင့် Open-source CMS စစ်စစ်တွေဖြစ်ပြီး ကျန်တာတွေကတော့CMS အပြင် web hosting, domain name နဲ့ အခြားဝန်ဆောင်မှုတွေပါ တွဲဖက်ထားတဲ့ အခပေး Platform တွေပါ။ အဲ့ဒီထဲမှာ အအောင်မြင်ဆုံးကတော့ WordPress ဖြစ်ပြီး အထက်မှာပြောခဲ့တဲ့ခြောက်ဆယ်ရာခိုင်နှုန်းထဲမှာ သူနဲ့တည်‌ဆောက်ထားတာချည်းပဲ လေးဆယ်ရာခိုင်နှုန်းကျော်ရှိပါတယ်။ သူ့နောက်မှာတော့ Shopify, Wix, Squarespace, Joomla တို့ အစဥ်လိုက်ရှိနေပါတယ်။ အချုပ်အားဖြင့်ဆိုရရင် နည်းပညာတိုးတက်လာမှုနဲ့ အင်တာနက်ရဲ့စွမ်းပကား ကျယ်ပြန့်လာသည်နှင့်အမျှWebsite များရဲ့အခန်းကဏ္ဍမှာလည်း တစ်နေ့တစ်ခြား ပိုမိုအရေးပါလာနေပါတယ်။ ဒီလိုအရေးပါလာတာနှင့်အတူ Website ကိုတည်ဆောက်ရာမှာ ပိုမိုလွယ်ကူလျင်မြန်ဖို့ရာ ရည်ရွယ်တဲ့CMS များရဲ့ အောင်မြင်မှုဟာလည်း လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကတည်းကပင် စတင်လို့ တစ်နှစ်မှကျဆင်းသွားတာမရှိဘဲ တစ်နှစ်ထက်တစ်နှစ် ပို၍ပို၍ တိုးတက်လာနေပါကြောင်းတင်ပြလိုက်ပါတယ်။