ဒီဇိုင်နာတိုင်း သိရှိသင့်သည့် Golden Ratio အကြောင်း

Golden Ratio (အခြားအမည်များအနေဖြင့် Golden Section, Golden Mean, Divine Proportion) ဆိုသည်မှာ - မတူညီသော မျဥ်းနှစ်ကြောင်းတွင် မျဥ်းအရှည် A ကို မျဥ်းအတို B နှင့် စားသည့်တန်ဖိုးသည် ထိုမျဥ်းနှစ်ခုပေါင်းခြင်းကို မျဥ်းအရှည် A နှင့် စားသည့်တန်ဖိုးနှင့် တူညီရမည်။ ယင်းရလဒ်သည် 1.618 (အတိအကျတန်ဖိုး 1.618033988749...) နှင့် ညီမျှသည်။ ၄င်းကို ဂရိအက္ခရာ ϕ သို့မဟုတ် φ (ဖိုင်) ဖြင့်လည်း ကိုယ်စားပြုသည်။ ယင်း Golden Ratio သည် Fibonacci Sequence (ဖီဘနာချီ ကိန်းစဥ်တန်း) နှင့် ဆက်စပ်မှုရှိသည်။ Fibonacci Sequence ဆိုသည်မှာ သုည နှင့် တစ် ဖြင့် အစပြု၍ နောက်ကိန်းများကို ရှေ့မှကပ်လျက် ကိန်းနှစ်လုံး၏ ပေါင်းလဒ်ဖြင့် အစဥ်လိုက်စီသွားသော ကိန်းစဥ်တန်းဖြစ်သည်။ ယင်းမှာ - 0, 1, 1, 2, 3, 5, 8, 13, 21, 34, 55, 89, 144… အစသဖြင့် ဖြစ်သည်။ ယင်းကိန်းစဥ်တန်းအတိုင်း အချိုးချ၍ အောက်ပါကဲ့သို့ စတုရန်းကွက်များ ပေါင်းစုထားသော diagram ကို ဆွဲနိုင်သည်။ အတွင်းဆုံး အကွက် (1 အကွက်) ၏ အနားနှစ်ခု ပေါင်းသော် တတိယအကွက် (2 အကွက်)၊ ထို (2 အကွက်)ကို ပထမနှစ်ကွက်မှ အနားတန်ဖိုးနှင့်ပေါင်းသော် (3 အကွက်) စသည် စသည်ဖြင့် Fibonacci ကိန်းစဥ်အရ အစဥ်လိုက် ရရှိမည်။ အထက်ပါ Diagram ၏စတုရန်းကွက်များ၏ ထောင့်စွန်းနှစ်ခုစီကို ဆက်၍ အစဥ်အတိုင်းမျဥ်းကွေးဆွဲသော် အောက်ပါအတိုင်း ခရုပတ်သဏ္ဌာန် အဝန်းကို ရမည်။ ၄င်းကို Golden Spiral (Fibonacci Spiral) ဟုခေါ်သည်။ (အောက်ပုံတွင် အနီမျဥ်းကြောင်း) စတုရန်းကွက်များအတွင်း စက်ဝိုင်းများကို အချိုးကျအပြည့်ယူပြီး ဆွဲသော် စနစ်ကျသော အချိုးများရှိသည့် အစိမ်းရောင်အနားသတ် စက်ဝိုင်းများကို ရမည်။ ဤသို့ဆိုလျှင် သင်္ချာပညာ၏ ဤ Golden ratio နှင့် Fibonacci spiral တို့သည် ဒီဇိုင်းပညာရပ်အတွက် မည်သို့အသုံးဝင်သနည်း။ ဦးစွာအားဖြင့် Typography ခေါ် စာလုံးဒီဇိုင်းပညာတွင် အရွယ်နှစ်မျိုးရှိ စာလုံးဖောင့်များ သုံးမည်ဆိုပါစို့။ Heading (ခေါင်းစဥ်) နှင့် paragraph (စာပိုဒ်) ဖန်တီးမည် (သို့မဟုတ်) Logo များတွင် စာလုံးအရွယ်နှစ်မျိုး ထည့်မည် ဆိုလျှင် Golden Ratio ကို သုံးခြင်းဖြင့် မြင်ကွင်းအတွက် အချိုးအစားကျသော စာလုံးအရွယ်ကို ရမည်။ ပထမ အကြီးတစ်လုံးကို အရွယ်တစ်မျိုးပေး၊ ဒုတိယစာလုံးအရွယ်ကို ပထမစာလုံးအရွယ်အား 1.618 နှင့် စား၍ရသော တန်ဖိုးအတိုင်း အရွယ်သတ်မှတ်ပေးခြင်းဖြစ်သည်။ ဥပမာအားဖြင့် - Heading ကို 42px ထားသည်ဆိုပါစို့။ paragraph ၏ အရွယ်မှာ 42 ကို 1.618 ဖြင့်စား၍ရသော နီးစပ်တန်ဖိုး 26px ဖြစ်ရပေမည်။ ထိုအခါ အနီးကပ်ဆွဲကြည့်သည်ဖြစ်စေ၊ အဝေးမှကြည့်သည်ဖြစ်စေ တစ်ခုနှင့် တစ်ခု အချိုးအစားကျနေသော စာလုံးနှစ်တန်းကို လက်တွေ့ တွေ့ရပေမည်။ အကယ်၍ Golden Ratio ကို မသုံးပါက ကျွန်တော်တို့အနေဖြင့် paragraph ကို အရွယ်မည်မျှ သတ်မှတ်လျှင်ကောင်းမည်နည်း ဆိုသည်ကို သိနိုင်မည်မဟုတ်ပေ။ နောက်တစ်ခုမှာ Web Design အတွက် မတူညီသောကော်လံနှစ်ခုစာ Layout ပြုလုပ်မည်ဆိုလျှင် ရှင်းလင်းသပ်ရပ်သော၊ အချိုးကျနသော၊ ဖတ်ရှုရန်လွယ်ကူသော ဒီဇိုင်းအတွက် Golden Ratio သုံး၍ အလွယ်တကူပြုနိုင်မည်။ ဥပမာ - ကော်လံအကြီးကို 900px သတ်မှတ်မည်ဆိုပါက ကပ်လျက်ကော်လံအသေးကို 900 ကို 1.618 ဖြင့် စား၍ရသော နီးစပ်တန်ဖိုး 556px ဖြစ်ရမည်။ အောက်တွင် National Geographic ဝဘ်စာမျက်နှာ၏ Golden Ratio ဖြင့် Layout တည်ဆောက်ထားပုံကို တွေ့နိုင်သည်။ နောက်ထပ်အသုံးဝင်မှုတစ်ခုမှာ ဒီဇိုင်းများတွင် Spacing ခေါ် နေရာလွတ်ခြားခြင်း နှင့် content ခေါ် ပါဝင်သည့်အရာများကို Golden Spiral အသုံးပြုခြင်းအားဖြင့် စနစ်တကျ နေရာချပေးနိုင်ခြင်း ဖြစ်သည်။ အောက်ပုံတွင် National Geographic Website ၏ Golden Spiral အားဖြင့် spacing နှင့် content များ စနစ်တကျသတ်မှတ်ပေးထားပုံကို တွေ့ရမည်။ နောက်ဆုံးအနေဖြင့် Logo ဒီဇိုင်းများ ဆွဲရာတွင် Golden Ratio အားဖြင့် စက်ဝိုင်း၊ စတုရန်း၊ တြိဂံ၊ ခရုပတ် စသည်တို့ကို စနစ်တကျ အချိုးများယူ၍ ဆွဲခြင်းဖြင့် ဟန်ချက်မျှသော၊ အချိုးအစားကျသော၊ မြင်ကွင်းကို ရှင်းလင်းသပ်ရပ်စေသော Logo များ စနစ်တကျ ဖန်တီးနိုင်ပါသည်။ ကမ္ဘာကျော်ကုမ္ပဏီကြီးများဖြစ်သော Pepsi, Twitter နှင့် Apple တို့၏ Logo များကို Golden Ratio အသုံးပြု၍ ဒီဇိုင်းများဆွဲထားသည်ကို ‌အောက်တွင်ကြည့်ပါ။ အထက်ဖော်ပြချက်များသည် ဒီဇိုင်းပညာရပ်တွင် Golden Ratio ၏ ယနေ့ အသုံးများဆုံး အသုံးပြုပုံများဖြစ်ပါသည်။ ဆိုလိုသည်မှာ ယခုထက်ပိုမိုသော အခြားအသုံးပြုပုံများလည်း ကျန်နေပါသေးသည်။ ထပ်မံလေ့လာကြည့်ပါ။ သို့ပါ၍ UI (user interface) အတွက် များစွာအထောက်အကူပြုသော Gold Ratio ကို သေသပ်စနစ်ကျသော၊ အချိုးကျ လှပသော၊ ကြည့်ရှုသူကို မျက်စိပသာဒစေသော အဆင့်မြင့်ဒီဇိုင်းများ ဖန်တီးလိုသူတိုင်း၊ အရည်အသွေးရှိ ဒီဇိုင်နာဖြစ်လိုသူတိုင်းသည် သေချာစေ့စပ်စွာလေ့လာ၍ ထဲထဲဝင်ဝင်အသုံးပြုသင့်ပါကြောင်း တင်ပြလိုက်ပါသည်။